H1N1 Virus in myanmar

Posted in Uncategorized  on June 30th, 2009 by: admin

H1N1 Virus ပိုး ကိုမြန်မာပြည်မှာတွေ့ရှိပြီလို့ အစိုးရကကြေငြာအပြီးမှာပဲ ဈေးကွက်အတွင်း Mask များပစ္စည်းပျက်သည်အထိ ၀ယ်ယူသူများပြားခဲ့ကာ ဆေးရုံဆေးပေးခန်းများတွင်လည်း ၀န်ထမ်းများက ကြိုတင်ကာကွယ်ေ၇းအနေဖြင့် Mask များအုပ်ထားသည်ကို တွေ့ရှိရ နောက်ဆုံးရရှိသော သတင်းအရ ၀င်းသူဇာ အေ၇ာင်းဆိုင်များတွင် mask များကိုေ၇ာင်းချပေးသွားမည်ဖြစ်ကြောင်း သိ၇ှိရပြီး mask တစ်ခုကို 100 ကျပ်အထိ ဈေးတက်သွားပါသည်။a
b

c

ဆက်လျှောက်

Posted in General  on June 28th, 2009 by: admin

အလုပ်တစ်ခု စလုပ်ရင် အမြဲတမ်း အခက်အခဲတွေ အတားအဆီးတွေ အဆင်မပြေမှုတွေ ကိုတော့ကြုံ၇စမြဲပါ။  သူများစီစဉ်တဲ့ သင်တန်းတွေကိုတက်ပြီး ခုတော့ ကိုယ်တိုင်သင်တန်းစီစဉ်သူ အဖြစ်နဲ့ စပြီး လုပ်ကိုင်ကြည့်တယ်။  ဟူးးးးးးး. တကယ်ကြုံရတဲ့ အခက်အခဲ တွေကတော့အများကြီးပါပဲ။  ဆရာတွေ ကိုညှိရတယ်။ သင်ရိုးကို ရွေး၇တယ်။  တက်မယ့်လူတွေကို စည်းရုံးရတယ်။ မေးခွန်းပေါင်းများစွာကိုလည်းဖြေရတယ်။  ခုထိအဆင်မပြေသေးဘူး။   ဒါပေမယ့် ကျွန်တော် စခဲ့တဲ့ ဒီအလုပ်အတွက်  ကျွန်တော်ပြီးအောင်၊ အောင်မြင်အောင်ဆက်လုပ်သွားမယ်။   web essential သင်တန်း လုံးဝ ဖြစ်မြောက်ရမယ်။ ဒုတိယမြောက်ခြေလှမ်း ကို ဆက်လက်လျှောက်လှမ်းသွားမယ်။

နောင်အနှစ် ၂၀ ကြာသောအခါဝယ်…..

Posted in General, တွေးမိတာလေးများ  on June 21st, 2009 by: admin

ပျင်းတာ၊ အလုပ်မဆင်မပြေတာ၊ ပြဿနာ တစ်ခုပြီးတစ်ခုပေါ်နေတာတွေနဲ့ တစ်ယောက်သောသူကို လွမ်းနေရတာတွေကြောင့်  ဘလော့ခ်ရေးဖို့ အားမရှိသလို ရေးချင်စိတ်လည်းမရှိဖြစ်နေတာ ကြာပါပြီ။ ဒါတွေကြောင့်ပဲ အခင်ဆုံးသူငယ်ချင်း တစ်ယောက်ရဲ့မွေးနေ့မှာလည်း birthday wish လုပ်ဖို့မေ့ခဲ့ပြီ။  အဆင်မပြေမှုတွေကို မေ့ပျောက်ပြီးမင်းယွန်းသစ် Tag တဲ့ နောင် အနှစ် ၂၀ ကြာသောအခါ ကို စိတ်ကူးယှဉ်ကြည့်မိတော့…….

“ကမ္ဘာမကြေ၊ မြန်မာပြည် ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်နက်မြေ……….”

နိုင်ငံတော်သီချင်းကို အားလုံးက သံပြိုင်သီဆိုနေကြသည်မှာ ကြက်သီးမွှေးညှင်းပင်ထမိသည်။ ကွင်းပတ်ပတ်လည်၇ှိ ပရိတ်သတ်အားလုံးနီးနီးက   မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ အနီရောင် ဂျာစီအကျီများကို ၀တ်ဆင်ထားကြရာ မီးမောင်းကြီးများအောက်တွင် တစ်ကွင်းလုံး ရဲရဲနီနေတော့သည်။  ရှမ်းအိုးစည်သံ၊ လည်ဂွင်းသံ၊ ဘင်ခရာသံ၊ အိုးစည် ဗုံမောင်းတီးခတ်သံ နဲ့ ပရိတ်သတ်ရဲ့ ညာသံတွေဟာလည်း မြန်မာဘောလုံးသမားများအတွက် အားဆေးတစ်ခွက်ပင်။

ရွှီး……………..ဒိုင်လူကြီးခရာမှုတ်သံနှင့်အတူ ပထမပိုင်း စစချင်းတွင်ပင် မြန်မာ့လက်ရွေးစင် အသင်းသည် အချိတ်အဆက် မိမိ နဲ့အမှားအယွင်းမရှိ အောင် ကစားနေသည်။  အပြီးသတ်ဂိုးသွင်းမသေချာမှုကြောင့် တစ်ဖက်အသင်းသို့ ဂိုးမသွင်းနိုင်သေးပေ။  သို့သော် ကစားအားနှင့် ပရိတ်သတ်အားကြောင့်ပါ တစ်ဖက်အသင်းကစားသမားများ အတော်လေး ယောက်ယက်ခက်နေကြသည်။  ပထမ ပိုင်းပြီးသည် အထိ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ဂိုးမသွင်းနိုင်ကြသေးပေ။  မြန်မာဘောလုံးပရိတ်သတ်ကြီးသည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်က ပုံစံနှင့်လုံးဝမတူတော့။  စည်းကမ်းတကျနှင့်ပင် pro ဆန်ဆန် အားပေးနေကြသည်မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲသို့လာရောက်အားပေးကြသော အခြားနိုင်ငံများမှ ပရိတ်သတ်များကိုပင် အံ့သြ မှင်သက်နေစေသည်။  ဒီကနေ့သည်ကား မြန်မာ့ဘောလုံးလောက အတွက်ရော မြန်မာ နိုင်ငံအတွက် ပါ  အရေးကြီးဆုံးနေ့ပင်ဖြစ်သည်။  ၂၀၀၉ ခုနှစ်တွင်မှ ကြေးစားစနစ်ဖြင့်စတင်ကာ ပြည်တွင်းကလပ် အသင်းများဖြင့် ပြုပြင်ပြောင်းလဲခဲ့သော မြန်မာ့ဘောလုံးလောက သည် နှစ်နှစ်ဆယ်ကျော် ဆိုသည့် ကာလတို အချိန်အတွင်း မှာပင် ၂၀၂၂ ခုနှစ်၏ ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲထိပင် ရောက်အောင်တက်လှမ်း နိုင်ခဲ့ပြီဖြစ်သည်။

ဝေးးးးးးးးးးးးးးးး..ဒုတိယပိုင်း ပွဲစဖို့ ကစားသမားများကွင်းအတွင်းသို့ ၀င်ရောက်သည်ဆိုလျှင်ပင် ပရိတ်သတ်ရဲ့ အားပေးသံများသောသောညံနေသည်။  ဒုတိယပိုင်းတွင် လည်း မြန်မာအသင်းသည် အချိတ်အဆက် မိမိဖြင့်ပင် ကြိုးကြိုးစားစားကစားခဲ့ရာ  ပွဲအပြီးတွင် နှစ်ဂိုး ဂိုးမရှိဖြင့် ပထမဆုံးသော ကမ္ဘာ့ ဖလားကို မြန်မာတို့ ကိုင်ယူခွင့်ရခဲ့ပေပြီ။  ကွင်းပတ်ပတ်လည်ရှိပရိတ်သတ်ကြီးကလည်း မြန်မာ.. မြန်မာ.. မြန်မာ.. မြန်မာ…ဆိုပြီးဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်အားပေးနေသလို မြန်မာ့ရုပ်မြင်သံကြားကလည်း မြန်မာနိုင်ပြီ…. တို့မြန်မာနိုင်ပြီ… တိုင်းပြည်ကပေးအပ်သည့်တာဝန်များ ကျေပွန်ခဲ့ပြီ ဆိုကာ မြန်မာနိုင်ပြီသီချင်းကို တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးသို့ လွှတ်ထုတ်ပေးနေသည်မှာ ဂုဏ်ယူဖွယ်ရာကောင်းလှသည်။  ဒီညတော့ မြန်မာတစ်မျိုးသားလုံး အတွက် ပျော်မဆုံး မော်မဆုံးသော ညတစ်ညပင်။  အနှစ်နှစ်အလလ က မျှော်လင့်တောင့်တနေသော World Cup ကြီးကို မြန်မာတို့ ၀ံ့ကြွားပိုင်နိုင်စွာ ဆုပ်ကိုင်လိုက်နိုင်ပေပြီ။

ps: မင်းယွန်းသစ် ရေ နောင်အနှစ် ၂၂ နှစ်မှာ မဖြစ်နိုင်သေးမှန်းသိပေမယ့်  ဖြစ်ချင်တာတွေကို စိတ်ကူးယဉ်ထားတာကွ၊ မြန်မာဘောလုံးလောက အမြန်ဆုံး တိုးတက်ပါစေလို့ လေးလေးနက်နက်ဆန္ဒပြုလျှက်။  အော် မလင်းလက်ကြယ်စင် ကိုလည်း ပြန် Tag လိုက်ပါပြီဗျာ….. :P

Happy Belated Birthday Nyein Nyein

Posted in Uncategorized  on June 15th, 2009 by: admin

တစ်ခါတစ်လေမှာတော့ မမျှော်လင့်တာတွေဟာဖြစ်လာတတ်တယ်။  အခြေနေကြောင့် မွေးနေ့ဆုတောင်းက နောက်ကျသွားတာကိုတောင်းပန်ပါတယ်။  သူငယ်ချင်း မွေးနေ့မှာပျော်ရွှင်ပါစေလို့ပဲ အဝေးမြေက ဆုတောင်းပေးလိုက်ပါတယ်။  Happy Birthday Nyein Nyein

တစ်နှစ်ပြည့် နာဂစ်

Posted in General, experience, ဓာတ်ပုံ  on May 2nd, 2009 by: admin

နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခက်ခဲ့တာ ဒီနေ့ဆိုရင် တစ်နှစ်ပြည့်ခဲ့ပေမယ့် နာဂစ်ဒဏ်ကိုအလူးအလဲ ခံခဲ့ကြရတဲ့သူတွေအတွက်တော့ မနေ့တစ်နေ့က မက်တဲ့ အိမ်မက်ဆိုးကြီးလိုပဲ ရှုံးလို့မထွက်နိုင်သေးပါဘူး။ ဒီအိမ်မက်ဆိုးထဲက ရှုံးထွက်နိုင်ဖို့ ကြိုးစားနေသူတွေ၊ ကူညီနေကြသူတွေလည်း ခုထိရှိနေတုန်း ရှိနေဆဲ ရှိနေဦးမှာပါပဲ။  နာဂစ် တစ်နှစ်ပြည့် ဒီနေ့မှာ  MBCA က သူငယ်ချင်း တစ်ယောက်ဖုန်းဆက် ခေါ်လို့ ရွှေတိဂုံဘုရား ရင်ပြင်တော် အရှေ့ဘက်မုခ်မှာ ဂုဏ်တော်ပရိတ်ဓမ္မရံသီ ၀တ်အဖွဲ့ နှင့် MBCA တို့ ကနေ စနေနေ့တိုင်းပုံမုန် ၀တ်ရွတ်ခြင်းနဲ့ အတူ ဆိုင်ကလုန်းမုန်တိုင်းကြောင့်သေဆုံးသွားတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဆီးမီးထွန်းညှိ ကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြတဲ့ ပွဲလေးကို တက်ေ၇ာက်ဖြစ်ခဲ့ပါတယ်။  ဆီမီးများထွန်းညှိချိန်မှာတော့  နာဂစ်ကြောင့် သေဆုံးသွားတဲ့ သူတွေအတွက် တော်တော်လေးကို ခံစားနေကြပါတယ်။   နာဂစ်လည်းတစ်နှစ်ပြည့်ခဲ့ပြီ။ သေဆုံးသွားကြတဲ့သူတွေအားလုံးကိုလည်း အမျှ အမျှ အမျှ ဟု အမျှပေးရင်း စိတ်ခံစားမှုတွေကို ကြိုးစားဖြေဖျောက်ကြရပါဦးမည်။

ဆီမီးများထွန်းညှိနေကြစဉ်။

ပြဇာတ်တစ်ပုဒ်လိုခဏအချိန်လေးအတွင်းမှာ ငါတို့ရဲ့ဘ၀တွေအဆုံးတိုင်ပျောက်ကွယ်ပြီလား

ကြိုးစားပြီး ဆောက်တည်ခဲ့သမျှဟာ အခုတော့နံဘေးမှာဖိတ်စင်ကြွေကျ ….

ရေပြင်ကြီးရဲ့ရက်စက်မှုမှာ အရာရာအသစ်က စ ရမှာလား

ပိုင်ဆိုင်ခဲ့သမျှ ငါတို့ဘ၀ဟာ မမြဲခြင်းတရား တဲ့လား ….

ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ကာရှိုက်ငိုသံများ

နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား ….

ကြင်သူ ၊ မိဘ ၊ သားသမီး များစွာ ပြန်ဆုံဆည်းခွင့်ရနိုင်ပါ့မလား

အန္တရာယ် ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင်ပျက်စီးသွား …

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာ မိသားစုကမ္ဘာလေးများစွာ

ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား

စာနာမှုနဲ့ဖေးကူမလား ဒီမြေပေါ်အတူကြီးပြင်း တို့သွေးရင်းပါ

လက်တွဲအခုအချိန်မှာ(လက်ကမ်းလို့ကူပါ) အကြင်နာတွေနဲ့ ဖေးကူပါ ….

“အမေ”ပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် “မိခင်” ကြားနိုင်ပါ့မလား

အပြေးအလွှားလိုက်ရှာ “အဖေ့” ကိုလည်းမတွေ့ပါ ထွေးပိုက်ဖို့ရာ “ဖခင်” ကောပြန်လာမလား ….

ကြင်သူ ၊ မိဘ ၊ သားသမီး များစွာ ပြန်ဆုံဆည်းခွင့်ရနိုင်ပါ့မလား

မာယာ အပြည့်နဲ့မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ ….

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းယောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား

အသိုက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများပမာ ရုပ်ဝတ္ထုတွေမျောပါမြစ်ပြင်အနှံ့အပြား ….

ရေပြင်ကြီးရဲ့ရက်စက်မှုမှာ အရာရာ အသစ်က စ နိုင်မလား

သန်းခေါင်ယံညရဲ့ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား ….

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာ မိသားစုကမ္ဘာလေးများစွာ

ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား

စာနာမှုနဲ့ဖေးကူမလား ဒီမြေပေါ်အတူကြီးပြင်း တို့သွေးရင်းပါ

လက်တွဲအခုအချိန်မှာ(လက်ကမ်းလို့ကူပါ) အကြင်နာတွေနဲ့ ဖေးကူပါ ….

ဆုံးရှုံးခဲ့တဲ့တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်

အနွေးထွေဆုံး ဒီအချစ်များနဲ့

ရင်ဆိုင်ကြစို့လက်တွေ အတူတွဲထား

ဘ၀တွေတစ်ခေါက်ပြန်လှစေဖို့

အကူအညီဖြစ်စေရမယ် တို့ရဲ့လက်များလည်း ….

ပုဂံသို့ အလည်တစ်ခေါက်…

Posted in experience, trip  on March 17th, 2009 by: admin

၂၀၀၉ ခုနှစ်ရဲ့ ဒုတိယခရီးစဉ်အဖြစ် ဒီနေ့ ၁၈ ရက်နေ့ မတ်လမှာ ပုဂံညောင်ဦးသို့ ခရီးသွားပါမည်။  ပုဂံမရောက်တာ ၂၀၀၁ ခုနှစ်နောက်ပိုင်းထဲကပါ။  ၈ နှစ်အတွင်း ပုဂံ လည်း အထူးကို ပြောင်းလဲနေမည်မှာအမှန်။  လွန်ခဲ့တဲ့ ၈ နှစ်က မရှိသေးတဲ့ နန်းမြင့်မျှော်စင် ကြီးဆီပါ သွားမည် ဟု အားခဲထားသည်။  ၀ီကီထဲမှာ ပုဂံအကြောင်း ရှာဖွေကြည့်တော့ ရှေး နှစ်ပေါင်း ၁၀၀၀ ကျော် ထဲက တည်ရှိခဲ့တဲ့ ဧရာဝတီမြစ်အရှေ့ဘက် ကမ်းက စေတီပုထိုးတွေ အနုသုခုမ လက်၇ာတွေနဲ့ တည်ရှိခဲ့တဲ့ပုဂံ ပြည်ကြီး ကို UNESCO  အဖွဲ့ ကြီးက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ဖို့ ကြိုးစားပေမယ့် အကြောင်းအမျိုးမျိုး ကြောင့်မအောင်မြင်တာကိုတွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။ တကယ်ဆိုကျွန်တော်တို့ရဲ့ ပုဂံ ပြည်ကြီးလည်း World Heritage Site ထဲမှာ ပါသင့်ဆုံးနေရာပဲလေ။  ဘာပဲဖြစ်ဖြစ် ပုဂံကို ခဏနေသွားတော့မည်။  နေ၀င်ဆည်းဆာ အလှနဲ့ ပုဂံမြို့ ကြီးကို တ၀ကြီးခံစားပြီး အတွေ့အကြုံများဝေငှပါဦးမည်။

မြင်သာ ကညနသို့ တစ်ခေါက်

Posted in experience  on March 9th, 2009 by: admin

ကားလိုင်စင် သက်တမ်းတိုးဖို့ အိမ်ကခိုင်းတာနဲ့ စာရွက်စာတမ်းတွေယူပြီး မြင်သာ ကညန ရုံးကို ဒီနေ့ရောက်သွားပါတယ်။  ခါတိုင်းလို လူတွေစုရုံးစုရုံးမရှိပဲ အတော်အသင့် ရှင်းလင်းနေသည်။  နေရိပ်တဲ့နေရာမှာ ကားရပ်နားကာ ၀န်ဆောင်မှုဌာန တွင် သွားရောက်စုံစမ်းတော့ အရှေ့ကအဆောင်ကို ညွှန်ပြပြီး အင်္ကျီအဖြူနဲ့ ယူနီဖောင်းဝတ်လူတစ်ယောက်က “ပိုင်ရှင်ကိုယ်တိုင်သက်တမ်းတိုး ရင် ဟိုရှေ့နားကအဆောင်ကိုသွားပါ။ ကျွန်တော်လာခဲ့မယ်” ဆိုပြီး ထွက်သွားနှင့်သည်။  သူညွှန်ပြတဲ့ အဆောက်အဦးဆီရောက်တော့ ကားကရှင်းနေသည်။  အဆောက်အဦးက တစ်ထပ်တိုက်နဲ့ အရှေ့မှာ ယာဉ်စစ်ဆေး ဖို့ အမိုးမိုးထားပေးသည်။  ကားရပ်လျှင်ပဲ ထိုသူက လိုအပ်တဲ့စာရွက်စာတမ်းများကိုတောင်းပြီး ဖောင်ဖြည့်ပေးနေသည်။  ခဏကြာတော့ အင်္ဂျင်နီယာ တစ်ယောက်လာပြီး ယာဉ်ကို ခဲခြစ်ပေးပြီးလိုအပ်သည်များကို စစ်ဆေးပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးပြီး ကောင်တာ တစ်ခုချင်း အစီအစဉ်အလိုက် ဆောင်ရွက်သွားလိုက်တာ ၁၅ မိနစ်မကြာလိုက်။  “နားနေခန်းထဲမှာစောင့်နေနော်… နာမည်ခေါ်လိုက်မယ် ဟုဆိုကာ နားနေခန်းမှာထိုင်စောင့်ဖို့ပြောသည်။   ကိုယ်ပိုင်ဆောင်ရွက်သူများအတွက် ဆိုသည့် သီးသန့်ဆောင်တွင် ကောင်တာများ အဆင့်ဆင့်ဖြင့် စည်းကမ်းတကျ နဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးသည်။ အရင်တုန်းကလို ဗရုတ်သုတ်ခ တန်းစီ၊ စာအုပ်ကြားထဲ ငါးရာတစ်ထောင်ညှပ်ပေးပြီး မြန်မြန်ရအောင်လာဒ်ထိုးရတာ၊  နေပူကျဲကျဲမှာ ဟိုအဆောင်ကူးလိုက် ဒီအဆောင်ကူးလိုက်၊ နဲ့ တစ်နေကုန်လုပ်ရတဲ့အလုပ်ကို ခုတော့ နာရီဝက်အတွင်း အဆင်ပြေပြီးစီးသွားပြီ။  ခုလိုမျိုးတစ်နေရာထဲမှာ One stop ၀န်ဆောင်မှုပေးတော့ အလွန်အဆင်ပြေလွယ်ကူချောမွေ့လှသည်။  ဒါအပြင် နားနေခန်းထဲမှာ စာအုပ်တစ်အုပ်ချထားသည်။ စာအုပ်ပေါ်မှာတော့ အခုလို ပိုင်ရှင်ကိုယ်တိုင်ဆောင်ရွက်ရန် နေရာ ပြုလုပ်ထားမှုနဲ့ ပတ်သတ်ပြီး ကြိုက်သည်မကြိုက်သည် ကိုဝေဖန်အကြံပြုပေးဖို့ ရေးသားထားသည်။  ငါးမိန်စ်လောက်ပဲရှိမည်။  လိုင်စင်စာအုပ်နဲ့ ယာဉ်မှတ်ပုံတင်ကဒ်ပြားထွက်လာသည်။  အခုတစ်ခေါက် လိုင်စင်သက်တမ်းတိုးဆောင်ရွက်တာလောက် လွယ်ကူမြန်ဆန်တာမရှိတော့။ ခုလိုမျိုးကျတော့လည်း တကယ်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိသည်။  ဒီတစ်ခါတော့   ကျေးဇူးပါ ကညန…..:)

ကျေးဇူးတင်လွှာ

Posted in Uncategorized  on March 2nd, 2009 by: admin

Activator CyberCafe domain နဲ့ website တစ်ခုလုပ်ဖို့ စိတ်ကူးရ တာ လွန်ခဲ့တဲ့ခြောက်လလောက်ထဲကပါ။ ခုတော့ ကျွန်တော့် စိတ်ကူးလေး အကောင်အထည်ပေါ်လာပါတော့မယ်။    အင်တာနက် အသုံးပြုခါစ သူတွေ အဆင်ပြေ လွယ်ကူအောင်လို့ Webmail, Game, Fashion, News, Social, Forum, Blog, Sport, Education စတဲ့ ကဏ္ဍတွေကို ထည့်သွင်းပြီး အသုံးပြု များ၊ လူကြိုက်များတဲ့ ဆိုဒ်တွေကို လင့်ခ် ချိတ်ပေးထားပါတယ်။  Blog roll ကဏ္ဍတစ်ခုကို ထည့်သွင်းထားပြီး Activator Cyber Cafe အကြိုက် ဘလော့ခ် ၁၀ ခန့်ကိုလည်း လင့်ခ်ချိတ်ပေးထားပါတယ်။  ဒီဆိုဒ်လေးဖြစ်ဖို့ အကြံဥာဏ်ပေး မိတ်ဆက်ပေးခဲ့တဲ့ သူငယ်ချင်း ထွန်းထက်အောင်၊  ကူညီရေးဆွဲပေးတဲ့ မဆူးခက် နဲ့ လင့်ခ်ချိတ်ခွင့် ပြုတဲ့ ဘလော့ဂါတွေ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။  အထူးသဖြင့် ဒီဆိုဒ်ကို အစအဆုံး စိတ်ရှည်ရှည်၊ မေတ္တာအပြည့်နဲ့ရေးဆွဲပေးတဲ့ ၊ အမကြီး မသဇင် ကို အထူးပဲကျေးဇူးတင်ပါကြောင်း ဒီပို့စ်လေးနဲ့ ကျေးဇူးတင်စကားပြောပါရစေခင်ဗျာ။

Why I can’t Blog

Posted in General  on February 23rd, 2009 by: admin

ဗမာပြည်သားတစ်ယောက် လက်တစ်လော ဘလော့ခ်မရေးဖြစ်ရချင်းရဲ့ အဓီကအကြောင်းကတော့ အပျင်းရောဂါ စွဲကပ်နေလို့ပါပဲ။ အပျင်းရောဂါစွဲကပ်လာ ကုရာနတ္ထိဆေးမရှိ ဆိုတဲ့ စကားအတိုင်း ဘယ်လိုမှကို ဘလော့ခ်ရေးချင်စိတ်မ၀င်လာတဲ့အတွက် မရေးဖြစ်ပါ။  တကယ်တော့ ကျွန်တော့်ဘလော့ခ်က ကျွန်တော့်ဒိုင်ယာရီ ဆိုတော့ ဒီအတောအတွင်း ကျွန်တော့် ဒိုင်ယာရီလေးထဲ ရေးစရာ အထွေထူးအကြောင်းများ မရှိတာလဲ ပါပေမပေါ့။   နောက်ပြီး လျှပ်စစ်မီးကလည်းမရရှိတာကတစ်ကြောင်းနဲ့ website တစ်ခုလုပ်ရာမှာ ဒေတာတွေကို ရှာဖွေပေးနေရတာတွေကလည်း ပါတာပေါ့လေ.. အကြောင်းကြောင်းကြောင့် ဘလော့ခ်မရေးဖြစ်သေးပါ။  အခါအခွင့် သင့်ရင် သင့်သလို ကျွန်တော့ ဒိုင်ယာရီလေး အသက်မသေအောင် တော့ ကြိုးစားပါဦးမည်။  ခုလက်တစ်လောတော့ ခွဲတမ်းပြည့် လျှပ်စစ်မီး ရရှိရေးကိုသာ မျှောင့်လင့်ရင်း ခဏနားပါဦးမည်။

My first trip in 2009

Posted in General  on January 13th, 2009 by: admin

၂၀၀၉ ရဲ့ ပထမဆုံးသော ညချမ်းမှာ ရွှေအိုးစည် ဘုရားဖူးကား နှင့် ကျွန်တော်နဲ့ စည်သူ တို့  ကျိုက်ထီးရိုးဘုရား ကို တစ်ညအိပ်ခရီးထွက်ဖြစ်ခဲ့ကြသည်။  ည ၉နာရီခွဲထဲက ပန်းဆိုးတန်း ဂုံးကျော်တံတားအောက်က ထွက်ခဲ့တဲ့ ကျွန်တော်တို့ ကား၊ ညနက် ၃နာရီလောက်မှာ ကျိုက်ထီးရိုးဘုရား တောင်ခြေ ကင်ပွန်းစခန်းကို ရောက်ရှိခဲ့ကြသည်။  တောင်တက်ကားဂိတ်က မနက် ၆နာရီထိုးမှ ဖွင့်မည်ဆိုသောကြောင့် ယဉ်ယဉ်ပြုံး ထမင်းဆိုင်တွင် ခဏနားကာ ၃နာရီခွဲခန့်တွင် တောင်ပေါ်ကို စတက်ခဲ့ကြသည်။  ကျိုက်ထီးရိုး ဘုရား သို့ သုံးကြိမ်ထက်မနည်း ရောက်ဖူးသည်။ သို့သော် တစ်ခါမျှ ခြေလျှင် မတက်ရောက်ဖူး၊ ယခုအကြိမ်တွင် သာ ခြေလျှင် တက်ရောက်ခဲ့သည်။  အတွေ့အကြုံသစ်များလည်း မနည်းရခဲ့သည်။  တောင်တက် လမ်းတစ်လျှောက် ကျွန်တော်တို့ကို ကြိုဆိုနေသည်ကား နတ်နန်းကြီးများ၊  စေတီပုထိုးများ၊ တောင်တက်လမ်းတစ်လျှောက် က ဈေးဆိုင်များ၊  စိမ်းလန်းစိုပြေ နေသော တောင်တန်းကြီးများ၊ စမ်းချောင်းငယ်လေးများ နှင့် လမ်းဖောက်လုပ်ပေးနေ၊ အလှူခံနေသော ဘုန်းတော်ကြီးများ အဖိုးအဖွားများနှင့် ကလေးငယ်လေးများပင်ဖြစ်သည်။  တောင်တက်လမ်းတစ်လျှောက် နားရင်းတက်ရင်း၊ တက်ရင်း နားရင်း ဖြင့် ငါးနာရီခွဲလောက်အကြာ မနက် ၉ နာရီမှာ ကျိုက်ထီးရိုး တောင်တော်မြတ်ပေါ် ကို ရောက်ခဲ့သည်။  ကျိုက်ထို ဟိုတယ်တွင် ခဏနားရင်း မနက် ၁၁ နာရီကျော်တော့ ကျိုက်ထီးရိုး ဘုရားကိုဖူးမျှော် ကြည်ညို ကြသည်။  ဘုရားဖူးအတော်အသင့် များပြားနေသောကြောင့် ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်တွင် အတော်လေး စည်ကားနေသည်။  ဘုရားဝတ်ပြုပြီးနောက် ကျွန်တော်တို့ ဈေးတန်းဘက် လမ်းလျှောက်ဖြစ်ကြသည်။  နေ့လည်စာ စားရင်း ရေတံခွန်ဘက် သွားမည်ဟု ဆိုကာ နေလည် နှစ်နာရီလောက်မှာ ရေတံခွန်ဘက်ကို သွားကြသည်။  ရေတံခွန်သွားတဲ့ ခရီးက ကြမ်းတာတစ်ကြောင်း၊ အပြန်မိုးချုပ်မှာ ဆိုးတာနဲ့ မနက်စောစောမှ တောင်အောင်ဆင်းရင်း တစ်ပါတည်း ရေတံခွန်သွားရန် ဆုံးဖြတ်ကာ ကျီးကန်းပါးစပ် သို့ လမ်းကြောင်းပြောင်းလိုက်ရသည်။  နောက်နေ့မနက် စောစောမှာတော့ ကျွန်တော်တို့ အထုပ်များတပါတည်းပြင်ဆင်ပြီး ဘုရား ၀တ်ပြုကာ ရေတံခွန်သို့ တောက်လျှောက်ခရီးပြင်းနှင်တော့ သည်။  ရေတံခွန်သွား လမ်းတစ်လျှောက် လမ်းကြမ်းသောလည်း  နားရင်းလျှောက်ရင်းဖြင့် နေ့လည် ၁၀ နာရီလောက် ရေတံခွန်ကိုရောက် သည်။  ရေတံခွန်တွင် ၁၅ မိနစ်လောက် အနားယူကာ ရသေ့တောင် သို့ ပြန်ဆင်းကြသည်။  ရေတံခွန်မှ ရသေ့တောင် သွားလမ်းကား ကျိုက်ထီးရိုးတောင်ပေါ် မှ လာသောခရီးလောက်မကြမ်းပါ။  ရသေ့တောင် ကားဂိတ်သို့ ၁၀ နာရီခွဲလောက်တွင် ရောက်ပြီး  ကင်မွန်းစခန်းသို့ ကားဖြင့် ဆင်းလာခဲ့ကြရာ တောင်ခြေသို့ ၁၂ နာရီ ထိုးခါနီးတွင် ရောက်သည်။  တောင်ခြေ တွင် ထမင်းစားပြီးနောက် ၁၂ နာရီခွဲ တွင် ရွှေအိုးစည် ကားဖြင့် ပင် ကျွန်တော်တို့ရန်ကုန်ပြန်ခဲ့ကြသည်။  ဒီခရီးစဉ်က ၂၀၀၉ အတွက် ပထမဆုံး ခရီးဖြစ်သလို ကျိုက်ထီးရိုး မရောက်တာ သုံးနှစ်လောက်ရှိပြီမို့ အလွန်ကြည်နှုးပျော်ရွှင်ခဲ့တဲ့ ခရီးစဉ်လေးတစ်ခုပင်ဖြစ်သည်။  ခရီးစဉ်တစ်လျှောက် စိတ်ပျက်ဆုံးကတော့ တောင်တက်လမ်းတစ်လျှောက်၊ ကျီးကန်းပါးစပ်သွားရာ လမ်းတစ်လျှောက်က နတ်နန်းတွေ ဘုရားတွေပေါ်မှာ အလှုခံနေကြသူတွေပင်။  အလှုငွေမထည့်ရင်ပဲ ကျားဆွဲတော့မလိုလို၊  ငရဲကြီးတော့မလိုလို နဲ့ ပြောဆိုကာ အတင်းအကြပ်အလှုခံနေကြပုံက အလှုငွေကောက်ခံနေ ပုံနှင့်မတူတော့။  ကျွန်တော်တို့မှာ လမ်းတစ်လျှောက်က ဘုရားများကိုဖူးမျှော်ရမှာကိုပင် ကြောက်လာတော့သည်။  အစားသောက်နှင့်ပတ်သတ် ၍ တောင်ပေါ်က ထမင်းဆိုင်နဲ့ တောင်အောက်က ထမင်းဆိုင်တွေရဲ့ ဈေးကား အတူတူပင်။ တောင်ပေါ်က ထမင်းဆိုင်တွေရဲ့ လက်ရာက ပိုကောင်းတယ်ဟုထင်သည်။  စားသောက်ဆိုင်မှာ စားလျှင် ဈေးနှုန်း ကို အရင်မေးစေချင်သည်။  နောက်မို့ဆို ကားမလွယ်ခြေ။  လမ်းတစ်လျှောက် အကျေနပ်ဆုံးကတော့ ရွှေအိုးစည် ဘုရားဖူးယဉ်ပေါ်က ဂိုက်ရဲ့ ဖော်ေ၇ွမှု ဟိုတယ် ၀န်ထမ်းတွေရဲ့ ဖော်ရွှေမှု နဲ့ စားသောက်ဆိုင် က ၀န်ထမ်းတွေရဲ့ ဖော်ရွေမှု၊ တွေပင်ဖြစ်သည်။  ၀န်ဆောင်မှု အပိုင်းမှာ လိုအပ်တာတွေရှိပေမယ့် သူတို့ရဲ့ ပင်ကိုယ် စိတ်ရင်းစေတနာနဲ့ အကောင်းဆုံး ဆက်ဆံ ၀န်ဆောင်မှုပေးပုံက မြန်မာတို့ ၏ မူလစိတ်ရင်းပင် ဖြစ်သည်။

Happy Birthday Shan Ma (Thinzar)

Posted in birthday wish  on January 7th, 2009 by: admin

သူ့ကို စမြင်ဖူးတာကတော့ လွန်ခဲ့တဲ့ နှစ်နှစ် ဇန်န၀ါရီလကပါ။  ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ကျွန်တော်တို့ မခင်ကြသေး။  အတန်းထဲမှာ မျက်မှန်းတမ်းမိ ရုံသာရှိသေးသည်။  ကျောင်းဖွင့်တာ နှစ်လလောက်ကြာမှ ကျွန်တော်တို့ စခင်ကြသည်။  အချိန်ကာလ နဲ့ ပြောရင် ကျွန်တော်တို့ သူငယ်ချင်း ဖြစ်တာ သိပ်မကြာသေး။ ဒါပေမယ့်  ကျွန်တော်တို့ ရဲ့ သူငယ်ချင်း သံယောဇဉ်က ဒီ နှစ်နှစ်အတွင်းမှာ အတော်လေး ခိုင်မာလာခဲ့သည်။   ကျွန်တော်လိုအပ်တဲ့ အကူညီရှိရင် အချိန်မဆိုင်းပဲ သူလုပ်ပေးနေကြ။  သူလိုအပ်တာ ရှိရင်လည်း မညည်းမညူ ကျွန်တော် ဖြည့်စည်းပေးသည်။  အနီးမှာ နေတုန်းကတော့ အမြဲလိုလို ရန်ဖြစ်ခဲ့ရသည်။  ရန်မဖြစ်ဖူးတဲ့နေ့ဆိုတာ မရှိ။  ခု တစ်ယောက်စီ ဝေးနေ့တော့ အရမ်းသတိရမိသည်။  အနေတွေဝေးပေမယ့် ကျွန်တော်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကြောင့် ကျွန်တော်တို့ အမြဲနီးနေပါတယ်။  2008 ခုနှစ် ရဲ့ ဇန်န၀ါရီလ ၇ ရက် ညနေခင်း မှာ ကျွန်တော်၊ Simon၊ ကိုငယ်လေး၊ ငြိမ်းငြိမ်း၊ John၊ Carol တို့နဲ့ သူ့ မွေးနေ့လေးကို Ctiy Hall နားက Funan မှာ ပျော်ရွှင်စွာ ကျင်းပဖြစ်ခဲ့သည်။  ဒီနှစ် တော့ အမိမြေက နေပြီးတော့ပဲ သူ့မွေးနေ့လေး ပျော်ရွှင်ပါစေကြောင်း မနက်စောစော sms ပို့ပြီးဆုတောင်း ပေးခဲ့ရသည်။  တကယ်ဆို သူ့မွေးနေ့ကို ဒီထက်ပို  ပျော်ရွှင်စေချင် ပါတယ်။ ဒါပေမယ့် အဝေးမှာဆိုတော့လည်း ဘာမှမလုပ်ပေးနိုင်ခဲ့။  အခုတော့ ကျွန်တော့ ဒိုင်ယာရီပေါ်ကနေပဲ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်။

On your birthday I wish you much pleasure and joy;
I hope all of your wishes come true.
May each hour and minute be filled with delight,
And your birthday be perfect for you!

၂၀၀၉ ဟာ အနာဂတ်ဆိုရင် ၂၀၀၈ ဟာ ငါတို့ရဲ့ သမိုင်းပေါ့။

Posted in General  on December 30th, 2008 by: admin

မကြာမှီ ၂၀၀၈ ခုနှစ် ကြီးကုန်ဆုံးတော့မည်။  ၂၀၀၉ ခုနှစ်ဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ဆိုလျှင် ၂၀၀၈ ခုနှစ်သည်ကား ကျွန်တော်တို့ရဲ့ သမိုင်းဖြစ်ခဲ့ပြီ။  ၂၀၀၈ ခုနှစ် အတွင်း ကျွန်တော်တို့လုပ်ဆောင်ခဲ့သမျှသော အရာအားလုံးတို့သည်ကား ကျွန်တော်တို့ရဲ့ သမိုင်းပင်ဖြစ်သည်။  ကျွန်တော့်ရဲ့ ၂၀၀၇ ခုနှစ်သမိုင်းသည် မလှပခဲ့ပေမယ့် ၂၀၀၈ ခုနှစ်ရဲ့ သမိုင်းကိုတော့ အထိုက်အလျှောက်အားရမိသည်။  ၂၀၀၈ ခုနှစ်အတွင်း ကျွန်တော်လုပ်ဆောင်ခဲ့ သည့် အကောင်းအဆိုးများကို ပြန်ကြည့်မိလျှင်…
-Jaunuar လဆန်းပိုင်းအတွင်း TAS ကျောင်းကို လျှောက်ဖြစ်ခဲ့တယ်။  လကုန်ပိုင်းလောက်မှာတော့ အမိမြေကိုပြန်ပြီး ကျောင်း ၀င်ခွင့် result ကိုစောင့်ခဲ့ရတယ်။
-February တစ်လုံး ဘာအလုပ်မှ လုပ်စရာမရှိ ယောင်ခြောက်ဆယ်ဖြင့် ကျောင်းဝင်ခွင့်ကို ထိုင်စောင့်ခဲ့၇တယ်။  ဒီတစ်လအတွင်းမှာပဲ ဘလော့ဂါ သူငယ်ချင်းအများအပြား ရခဲ့တယ်။
-March လလယ်လောက်မှာတော့ TAS ကျောင်း ၀င်ခွင့်အောင်မြင်ကြောင်း မေးလ် ရပြီး  စင်္ကာပူမသွားခင် ရဟန်းခံရန် ပြောသောကြောင့် ရဟန်းဆယ်ရက် ၀တ်ဖြစ်ခဲ့သည်။
-April ကျောင်းတက်ရန်အားလုံးပြင်ဆင် အပြီး မှာတော့ အမေ့အိမ်နဲ့ ဝေးရမှာ၊ ကျောင်းလခ များပြားတာ၊ အမိမြေမှာ နှစ်လတာနေအပြီး စင်္ကာပူပြန်ရမှာ ပျင်းတာတွေကြောင့် ၇န်ကုန်မှာပဲ စီးပွားရေးတစ်ခု လုပ်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့သည်။ မိဘတွေရဲ့ ပံ့ပိုးမှု၊ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့  လုပ်ငန်းအသေးလေးတစ်ခုကိုလည်း အလျှင် အမြန်အကောင်ထည်ဖော်ခဲ့သည်။
-May မေလ နှစ်ရက်နေ့ မှာ အင်တာနက်ဆိုင်ငယ်တစ်ခု ကိုအောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့ပေမယ့် ညနေဘက်မှာတော့ လူသားပေါင်း သိန်းချီ ပြီးဝါးမြိုခဲ့တဲ့ နာဂစ်မုန်တိုင်းနဲ့လည်း ကြုံခဲ့ရသေးသည်။  မုန်တိုင်းကြောင့် နှစ်ပတ်ကြာ ဆိုင်ကို ပိတ်ခဲ့ရပေမယ့် ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုများနဲ့ မကြုံခဲ့ရ။  နာဂစ် ကယ်ဆယ်ရေး လုပ်ငန်းများမှာ ပါဝင်လုပ်ကိုင်ချင်သော်လည်း ဆိုင်တစ်ဖက်နဲ့ မို့ မလုပ်ကိုင်နိုင်ခဲ့ရ။
-June ဆိုင်ဖွင့်တာ တစ်လ တာကြာမြင့်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့သေး။  ကွန်နတ်ရှင်မကောင်းမှု၊ လုပ်ငန်းအတွေ့အကြုံမရှိမှုတို့ကြောင့် အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့၇။
-July february 13 ရက်နေ့က တောင် ဗိုလ်ချုပ်မွေးနေ့အမှတ်တရ အဖြစ် ဗိုလ်ချုပ်ပြတိုက်ကိုရောက်ခဲ့သေးသည်။ သို့သော် အထဲသို့ဝင်ခွင့်မရခဲ့။ July 19 ၀င်ခွင့်ရမယ့်နေ့ကျပြန်တော့လည်း အလုပ်မအားတာနဲ့ ဘယ်မှမရောက်ဖြစ်ခဲ့။  မထိုက်၊ ကိုဂေါက်တို့ အာဇာနည် ဗိမာန်မှာ အလေးပြုနေတဲ့ပုံတွေကို မြင်ရတော့ အရမ်းကိုသွားချင်ခဲ့မိပြန်တယ်။  ၂၀၀၉ ရဲ့ ဇူလိုင် ၁၉ မှာတော့ မဖြစ်မနေ အရောက်သွားမည် ဟု ဆုံးဖြတ်ထားသည်။
-August သုံးလတာအတွင်း အတော်အသင့် လုပ်ငန်းအတွေ့အကြုံလည်းရခဲ့သလို မိတ်သစ်ဆွေသစ်များလည်း တိုးပွားလာခဲ့သည်မို့ အထိုက်အလျှောက်အဆင်ပြေခဲ့သည်။
ှ-September စက်တင်ဘာလရောက်မှာကို တွေးရင်းကြောက်နေမိပေမယ့် အချိန်စက်ဝိုင်းများကို မည်သူမျှမတားဆီးနိုင်ခဲ့။ ကံကောင်းသည်က ဒီနှစ်ရဲ့ စက်တင်ဘာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလိုတော့ အကျီးမတန်ခဲ့။
-October 2007 ရဲ့ သီတင်းကျွတ်ကို တစ်ယောက်တည်း အထီးကျန် ဖြတ်သန်းခဲ့ပေမယ့် ၂၀၀၈ သီတင်းကျွတ်မှာတော့ မောင်နှမ စုံလင်စွာနဲ့ မိဘတွေကို ကန်တော့ခဲ့ တယ်။  ဒီလိုခံစားမှုမျိုးက မိသားစုစုံလင်စွာရှိနေချိန်မှာ မသိသာပေမယ့် တစ်ယောက်တည်း အဝေးမြေမှာ  ရှိနေချိန်မှာတော့ မချိတင်ကဲ တမ်းတလွမ်းစွတ်မိခဲ့တယ်။
-November ၀ါလကင်းလွတ်သီတင်းကျွတ်ပီ။ မိုးကုန်ပြီဆိုတာနဲ့ ရန်ကုန်မြို့တော်ကြီးရဲ့ သဘာဝ အတိုင်း ၂၄ နာရီလျှပ်စစ်မီးသည်လည်း စံချိန်တင်အောင်ကို ပျက်တော့သည်။  မမှားသောရှေ့နေ၊ မသေသောဆေးသမား၊ မတက်သော ကုန်ဈေးနှုန်း၊ မပျက်သော မီး၊ မကျသော ကွန်နတ်ရှင် ဟူ သည်မရှိ ဆိုသည့် အတိုင်း ကွန်နတ်ရှင် ဒဏ်၊ လျှပ်စစ်မီး ဒဏ်ကို ကြံ့ကြံ့ခံရင်း အင်တာနက်ဆိုင်လေး ၆ လပြည့်မြောက်ခဲ့ပြီ။  Networking လေ့လာချင်တာနဲ့ပဲ နတ်ဝေါ့သင်တန်းသစ်တစ်ခု ကို စတက်ခဲ့မိသည်။
-December လူတိုင်းက ဒီဇင်ဘာကို ရင်ခုန်သည်။ ဒီဇင်ဘာကို ချစ်သည်။ ကျွန်တော်တော့ ဒီဇင်ဘာကိုမုန်းသည်။  တစ်နေ့ ၆ နာ၇ီလျှပ်စစ်မီးပေးမည်ဟု ဒီဇင်ဘာ၆ ရက်နေ့က တရားဝင်ကြေငြာလိုက်သည်။  တစ်နေ့ ၆ နာရီလျှပ်စစ်မီးနှင့် မည်သို့ သော စီးပွားရေးကိုယနေ့ခေတ်တွင် ကိုက်အောင်ဆောင်ရွက်ရမည်နည်း။  အလုပ်သစ်တစ်ခု လုပ်ချင်နေမိခဲ့သည်။  ဒီအလုပ်တွေကို ၂၀၀၉ မှာ အကောင်ထည်ဖော်နိုင်အောင်လည်းကြိုးစားမည်။ ခက်တာက ဘာလုပ်လုပ် တစ်ဇွတ်ထိုးလုပ်တတ်တဲ့ စိတ်ကို ခုထိ မထိန်းချုပ်နိုင်သေး။  မည်သို့ပင်ဖြစ်စေ ၂၀၀၈ ခုနှစ်သည်ကား ကျွန်တော့် အတွက် အထိုက်အလျှောက် ကျေနပ်မှုရှိခဲ့သော နှစ်ဖြစ်သည်။  နောက်လာမည့် ၂၀၀၉ တွင် ရှိနေဆဲ လုပ်ငန်းလေးတစ်ခု ရေရှည်ရပ်တည် အောင်မြင်နိုင်အောင် ကြိုးစားရပါဦးမည်။

Prepaid Phone Card and Me

Posted in General  on December 9th, 2008 by: admin

ဖုန်းမကိုင်နိုင်သေးတဲ့ ကျွန်တော့်အတွက်  Prepaid Phone Card တွေ ချပေးမယ်ဆိုတဲ့ သတင်းကို တော်တော်စိတ်ဝင်စားမိတယ်။  အပတ်စဉ်ထုတ် ဂျာနယ်တွေမှာ လည်း ဒီသတင်းကို ခေါင်းကြီးပိုင်းအနေနဲ့ ရေးသားထားပေမယ့် ဂျာနယ်တစ်စောင်နဲ့တစ်စောင် အချက်အလက်တွေက သိပ်မတူညီလှဘူး။  မနေ့က အင်တာနက်ဂျာနယ် မှာ ဖတ်လိုက်ရတာကတော့  FEC 10 တန် နဲ့  FEC 20 တန် ဆိုပြီး နှစ်မျိုးခွဲ ရောင်းချပေးမယ်။ အထွက် ခေါ်ဆိုခအတွက် 0.30 (မြန်မာငွေနဲ့ဆို လေးရာ နီးပါး) နဲ့အ၀င်နဲ့ sms ပို့ တာတွေကိုတော့  0.05 FEC ဖြတ်မယ်လို့ ရေးသားထားပါတယ်။   Post Paid ဖုန်းတွေနဲ့ စာရင် အဆမတန် ကို များလှတဲ့ ဈေးနှုန်းပါ။  ပိုဆိုးတာကတော့ FEC 10 တန် ကဒ် ကိုင်ဆောင်သူဟာ 14 ရက် နဲ့ FEC 20 တန်ကိုင်ဆောင်သူဟာ 1 လအတွင်း ပါဝင် တဲ့မိနစ်တွေကို ကုန်အောင် သုံးရမယ်။  Top up လုပ်လို့မရဘူး။ နောက် ကဒ်တစ်ကဒ် ၀ယ်ရင် နံပါတ် အသစ်တစ်ခု ဖြစ်သွားမယ်ဆိုတော့  တစ်လတစ်ခါ ဖုန်းနံပါတ်ပြောင်းကြောင်းကို လိုက်ကြေငြာရမယ့် ပုံပါပဲ။   ကယ် ဒီလိုဆိုရင်တော့ Prepaid Phone Card နဲ့လည်းမဖြစ်ပြန်သေးဘူး။ စောင့်ပေဦးပေါ့ ဗမာပြည်သား :(

ရင်ထဲက ငိုကြွေးသံ

Posted in General  on December 9th, 2008 by: admin

အဆင်မပြေဘူး
အစစအရာရာ အဆင်မပြေဘူး
အိုးစွပ်ခွက်စွပ် မစားတဲ့ ငါ
ုခုတော့ စွပ်စွဲ လိုက်တာများ….ကွာ
တကယ်တော့ ငါဟာ
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်
ငါ ဟာ မင်းတို့ထင်သလောက်  အောက်တန်းမကျဘူး
ငါ ဟာ မင်းတို့ထင်သလောက်  မယုတ်မာဘူး
ငါ ဟာ မင်းတို့ထင်သလောက်  မသေးသိမ်ဘူး
ငါ ဟာ မင်းတို့ထင်သလောက်  မရိုင်းစိုင်းဘူး
အေး ငါဟာ လူလိမ်မာတစ်ယောက်မဟုတ်ရင်တောင်
ငါ ဟာ ခုထိ လူမိုက်တစ်ယောက်တော့ မဟုတ်ဘူး……
ဘယ်တော့မှ လည်း မိုက်မှာမဟုတ်ဘူး……….

တစ်နေ့ခြောက်နာရီ လျှပ်စစ်မီး

Posted in General  on December 8th, 2008 by: admin

မိုးတွင်းကုန်ထဲက ခဏခဏ ပြတ်နေတဲ့လျှပ်စစ်မီး ဒီဇင်ဘာလက နေစပြီး တစ်နေ့ ခြောက်နာရီသာ အလှည့်ကျပေးမယ် လို့ EPC ၀န်ထမ်းက ပြောတော့ ကိုယ့်မီးစက်ကိုယ် သနားမိတယ်။  တစ်နေ့ကို အနည်းဆုံး ၈ နာ၇ီကနေ ၁၄ နာရီလောက် မညည်းမညူရှုံး ရတော့မယ်။  ဒီကြားထဲ တစ်နေ့ ရတဲ့ဝေစု ၆ နာရီထဲက မှ မထင်ရင်မထင်သလို ပြတ်တာက ရှိသေးတယ်။  တစ်နေ့တစ်နေ့ သတင်းစာတွေထဲမှာ မြင်နေရတဲ့  ရေအားလျှပ်စစ် စက်ရုံကြီးတွေ လည်း ဘယ်အချိန် ဘယ်ကာလ မှ ပြီးမည်မသိ။ အော် ခေတ်မီဖွံ့ဖြိုးတိုးတက် ၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီ အမှောင်ထဲမှာ ချီတက်နေသည်ပေါ့။ :(

ရန်ကုန်မြို့ရဲ့ လျှပ်စစ်မီးရရှိမည့်ခွဲတမ်း

ပထမနေ့  - ညနေ ၅ နာ၇ီမှ ည ၁၁ နာရီ (ည ၁၁နာရီမှ နောက်နေ့ မနက် ၁၁ နာရီထိ ပျက် )
ဒုတိယနေ့ - မနက် ၁၁ နာရီမှ ညနေ ၅ နာရီ ( ညနေ ၅နာရီမှ နောက်နေ့ ညနေ ၅နာရီထိ ပျက် )

မိဘရဲ့စေတနာ

Posted in General  on December 3rd, 2008 by: admin

အမေရိကန် နိုင်ငံက စတင်ခဲ့တဲ့ စီးပွားရေး၊ ငွေရေးကြေးရေး အကြပ်အတည်းဟာ ဥရောပ၊ အာ၇ှ စတဲ့ ကမ္ဘာနိုင်ငံတွေကို အချိန်တိုအတွင်း အရှိန်အဟုန်ပြင်းစွာနဲ့ ၇ိုက်ခက်ခဲ့ပါတယ်။  ကျွန်တော်တို့နိုင်ငံအတွက် လည်း မြန်မာနိုင်ငံသားတွေ စိုးရိမ်မကင်း ရှိကြတဲ့အထဲ ကျွန်တော်လည်းအပါအ၀င်ပါ။   ဒီဇင်ဘာ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ က နိုင်ငံအကြီးအကဲရဲ့ မိန့်ခွန်းကို ဖတ်မိမှပဲ ကျွန်တော် တို့ နိုင်ငံအတွက် စိတ်သက်သာရာ ရတော့သည်။  သယံဇာတ ပေါ်ကြွယ်ဝလှ သော မြန်မာပြည်အတွက် စိုက်ပျိုးရေးကိုသာ အဓိက ထုတ်လုပ်တဲ့အတွက်၊ နိုင်ငံတကာနဲ့ ငွေကြေး အဆက်ဆံ သိပ်မရှိလှတဲ့အတွက် မြန်မာပြည် အနေနဲ့ ဒီ ခေတ်ဆိုးကြီးမှာ ဘာမှ သိသာစွာ သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ မိန့်ခွန်းထဲမှာ ဖတ်ရပါတယ်။  ကျွန်တော်တို့မြန်မာပြည်တွင်း က သာမက ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေ အနေနဲ့ လည်း ပြည်ပမှာ အလုပ်ကိုင်အခွင့်အလမ်းနဲ့ပတ်သတ်လို့ အခက်အခဲ အကျပ်တည်း တွေနဲ့ ကြုံလာရင် မြန်မာပြည်က ကြိုဆိုနေတဲ့အကြောင်းနဲ့ မြန်မာပြည်က လယ်ယာလုပ်ငန်းခွင်၊ ရော်ဘာလုပ်ငန်းခွင်၊ ကျွန်းစိုက်ခင်း၊ သစ်ထုတ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ဆားလုပ်ငန်း တို့မှာ လုပ်သား အများအပြား လိုအပ်နေတာကြောင့် ပြည်ပကနေ အလုပ်လက်မဲ့ပြန်လာရတဲ့ တိုင်အောင် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အဆင်သင့် ရှိနေကြောင်း ပြောကြားခဲ့တယ်လို့ ဖတ်ခဲ့ရပါတယ်။ ခုမှပဲ စင်္ကာပူမှာ ပညာသင်၊ ဘွဲ့ဒီဂရီတွေယူပြီး  လုပ်ငန်းခွင် ၀င်တော့မယ် ကျွန်တော့်သူငယ်ချင်း ပေါက်စီ နဲ့ ဟန်လင်း အတွက် နဲ့ ပြည်ပက မြန်မာတွေအတွက်  စိတ်အေးရတော့တယ်။  သူတို့အနေနဲ့ စီးပွားရေး ကျဆင်းမှုကြောင့် စင်္ကာပူမှာ အလုပ်အကိုင် ရှာဖွေလို့မရရင်၊ လက်ရှိအလုပ်တွေကနေ အလုပ်လက်မဲ့နဲ့ ပြန်လာကျရင် ကျွန်တော်တို့မြန်မာပြည်ကြီးက နွေးထွေးစွာကြိုဆိုပြီး  ကျွန်တော်တို့ အတူတူ လက်ကွင်းမှာ ထွန်ယက်စိုက်ပျိုး၊ ဆီအုန်းတောတွေမှာ ဆီသီးခိုင်တွေ ခူးဆွတ်၊ ရော်ဘာစိုက်ခင်း မှာ ရော်ဘာစေးခြစ်၊  ငါးဖမ်း ဆားချက် စတဲ့ အလုပ်အကိုင်အခွင့်အလမ်း အများအပြားရှိတဲ့ ကဏ္ဍအသီးသီး မှာ ကြိုးကြိုးစားစား ၀င်ရောက် လုပ်ကိုင်ကြပါစို့ လို့ ပြည်ပကမြန်မာတွေကို ဒီပို့စ်လေးနဲ့ တိုက်တွန်းလိုပါတယ်။  အခုလို ပြည်ပရောက် မြန်မာတွေ ဒုက္ခဖြစ်ချိန်မှာ ရင်ဝယ်သားလို့ မိဘမေတ္တာ၊ စေတနာအပြည့်နဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ ရှာဖွေဖန်တီးပေးတဲ့ နိုင်ငံတော်အကြီးကဲ တွေရဲ့ စေတနာကိုလည်းလေးစားမိပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ၏ မိန့်ခွန်းအပြည့်အစုံကို ၂၊၁၂၊၂၀၀၈ နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မှာ ဖတ်ရှုနိုင်ပါသည်။

နားလည်ပေးပါ။

Posted in General  on November 26th, 2008 by: admin

ပို့စ်အသစ်တွေမတင်ဖြစ်တာတောင် တော်တော်ကြာသွားပြီ။  မတင်ဖြစ်ရတဲ့အကြောင်းတွေက နေ့ခင်းဖက်တွေမှာ ကွန်နတ်ရှင်က လည်းမကောင်း၊ ညဘက် ကွန်နက်ရှင်ကောင်းလို့ အင်တာနက် ကောင်းကောင်းသုံးမယ် ကြံကာရှိသေး မီးကပျက်နဲ့ ဘာမှ ကို လုပ်လို့ကို မရပါဘူး။  သတင်းတွေ နဲ့လည်းအဆက်ပြတ်၊ သူငယ်ချင်းရဲ့ ဘလော့ တွေကိုလည်း မ၀င်လည်ဖြစ်ဘူး။ ဒီနေ့တော့ အလုပ်ပါးတာနဲ့  ဘလော့ အသစ်နှစ်ခု ဆီ အလည်ရောက် ဖြစ်တယ်။   တစ်ခုက ကျွန်တော့်နဲ့ အလုပ်တူတူ လုပ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်၊ သူလည်း http://cyan19.blogspot.com ဘလော့ လုပ်ထားတယ်ဆိုလို့ ၀င်လည်ဖြစ်ခဲ့တယ်။  အမိမြေနဲ့ ခွဲနေရတဲ့ သူတစ်ယောက် ရေးဖွဲ့ထားတဲ့ကဗျာတွေက အရမ်းကိုထိမိလွန်းလှတယ်။  ကိုယ်ချင်းစာပါတယ်။  ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုခံစားချက်မျိုး လွန်ခဲ့တဲ့ နှစ်က အလူးအလည်း ခံစားခဲ့ရတယ်။  နောက်တစ်ယောက်က တော့ စုဘူး မှာ ခင်တဲ့သူငယ်ချင်း၊ သူလည်း စုဘူးဒေါင်းလို့နဲ့တူတယ်၊ blogspot ပေါ်မှာ သူချစ်တဲ့ ကဗျာတွေကို တင်ထားတယ်။   ကျွန်တော်ကတော့ ဒီရက်ပိုင်းအတွင်း ဘလော့ခ်ရေးနိုင်ဦးမည်မထင်။  မမှားသောရှေ့နေ၊ မသေသောဆေးသမား၊ မပျက်သော မီး၊ မတက်သော ကုန်ဈေးနှုန်း၊ မကျသော ကွန်နတ်ရှင်၊ ဆိုတာ မရှိသော မြန်မာပြည် မှာ Blogging နေတာမို့ ခွင့်လွှတ် နားလည်ပေးပါ သူငယ်ချင်းတို့ရေ….:)

၈၈ နှစ်မြောက်အမျိုးသားနေ့

Posted in Uncategorized  on November 22nd, 2008 by: admin

Where is the justice for him ?

Posted in Uncategorized  on November 10th, 2008 by: admin

ဘလော့ခ်စရေးခါစက ဘလော့ခ်တစ်ခုကနေ Blogger နဲ့ချက်တာ ဆိုတဲ့ ပို့စ်ကို ကြိုက်လို့  ကျွန်တော့် ဘလော့ခ်မှာ ထပ်ဆင့် ကူးယူထားခဲ့တယ်။   အမှတ်တမဲ့ မို့စာရေးသူကိုသတိမထားမိခဲ့ဘူး။  တစ်လောက ကျွန်တော့်ပို့စ်အဟောင်းတွေကို ပြန်ဖတ်ရင်းနဲ့ မှ ကျွန်တော် ကြိုက်တဲ့ ဒီပို့စ်ကို ရေးတဲ့သူဟာ သူဖြစ်တယ်ဆိုတာ ခုမှ သတိထားမိတယ်။  ဒီပို့စ်ကို ကျွန်တော် ကူးယူခဲ့တာ ၂၀၀၇ ခုနှစ် September 19 ရက်နေ့ကပါ။   “chatter တစ်ယောက် chat room အပေါ် စွဲလမ်းမှုနဲ့ blogger တစ်ယောက် သူ့ရဲ့ဘလော့ဂ်ကို စွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ချက်တာတစ်ယောက် ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာ ဦးတည်ရာမရှိတဲ့ ပါးစပ်ဖျားက စကားလုံးတွေပေါ်မှာ သာယာတဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဘလော့ဂါတွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ ချစ်စဖွယ် သံယောဇဉ်တွေပေါ်မှာ အခြေခံပါတယ် ” ဆိုပြီး Chatter နဲ့ Blogger တွေရဲ့ ကွာခြားချက်ကို သူချပြခဲ့တယ်။ သူ့ရဲ့ ဒီပို့စ်ကြောင့်ပဲ ကျွန်တော့်ရဲ့ ဒိုင်ယာရီ လေးကို ခုလို ဘလော့ခ် အဖြစ် ဖန်တီးပြီး ခံစားချက်တူတဲ့၊ ၀ါသနာသူတဲ့  သူငယ်ချင်းတွေနဲ့ ခုလို ဝေမျှနိုင်ခဲ့တယ်။   ကျွန်တော့်ကို ဘလော့ခ် ရေးချင်အောင် တွန်းအားပေးခဲ့တဲ့သူတစ်ယောက် ခုတော့   အနှစ်နှစ်ဆယ်ဆို တဲ့အသံ………..နားထဲကို သံရည်ပူလောင်းလိုက်သလို   တကယ်ကို မယုံနိုင်အောင်ပါပဲ။  အမှန်တရားနဲ့ တရားဥပဒေ သူ့ဘက်မှာ မရှိဘူးလား?

ဘလော့ခ်ရေးချင်အောင်၊ ဘလော့ခ်ရေးတဲ့ ၀ါသနာပါအောင် တွန်းအားပေးခဲ့တဲ့ သူ့ရဲ့  Chatter(ချက်တာ) နှင့် Blogger (ဘလော့ဂါ) ဆိုတဲ့ပို့စ် ကိုအမှတ်တရ ထပ်မံ ကူးယူထားပါတယ်။

ပထမဦးဆုံးအနေနဲ့ ဒီခေါင်းစဉ်လေးထဲက စကားလုံးနှစ်ခုဖြစ်တဲ့ Chatter (ချက်တာ) နဲ့ Blogger (ဘလော့ဂါ) တို့ရဲ့ အဓိပ္ပါယ်ကို အရင်ဆုံးရှင်းဖို့ လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့ အချိန်တွေထဲက တော်တော်များများကို online ပေါ်မှာရှိတဲ့ mIRC, Gtalk, Skype, vzochat စတဲ့ Chatting Software တွေကို သုံးပြီး မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်းမသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီ ပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။ Blogger ဆိုတာကတော့ Internet သုံးတဲ့ အချိန်တွေထဲက အများစုကို Blog (Web log) လို့ ခေါ်တဲ့ Online Diary လေးတွေ ရေးသားကြတဲ့နေရာမှာ အသုံးပြုကြတဲ့သူတွေကို ဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ Chatter (ချက်တာ) တစ်ယောက်နဲ့ Blogger (ဘလော့ဂါ) တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ၊ အရည်အသွေးတွေသူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဘယ်လိုဘယ်ပုံ ကွာခြားသွားတယ်ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။

ဒါကိုပြောဖို့အတွက် ပထမဆုံးအနေနဲ့ Chatter တွေ ကျင်လည်ကျက်စားတဲ့ Chatting Website တွေရဲ့ သဘောသဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့ သဘောသဘာဝတို့ကို ကျွန်တော်တို့အနေနဲ့ အရင်ဆုံးသိထားဖို့ လိုပါလိမ့်မယ်။ Chatter တွေရဲ့ ကျင်လည်ရာပတ်ဝန်းကျင်လို့ ပြောလို့ရတဲ့ Chatting Website တွေရဲ့ အကြောင်းကို စပြီးလေ့လာကြည့်ပါမယ်။ Chatter အများစုရဲ့ အဓိကကျင်လည်ရာဟာ mIRC ပါလို့ ပြောလို့ရပါတယ်…။ mIRC ထဲမှာမှ မြန်မာတွေ အသုံးအများဆုံးကတော့ Ygn chat ဆိုတဲ့ chat room (ချက်ရွမ်း)ပဲ ဖြစ်ပါတယ်။ ကိုယ့်နာမည်အရင်းကို သုံးစရာမလိုဘဲ နာမည်ပြောင်(nickname) တစ်ခုကို ကိုယ့်ရဲ့စကားဝှက် (password) တစ်ခုနဲ့ တည်ဆောက်လိုက်မယ်ဆိုရင် mIRC ထဲမှာရှိတဲ့ chat room တွေထဲက chatter တွေများစွာနဲ့ ကြိုက်သလို စကားပြောလို့ ရသွားပါတယ်။ သူကလဲ သူ့ nick နဲ့ဝင်၊ ကိုယ်ကလဲ ကိုယ့် nick နဲ့ဝင် တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ တစ်ယောက်ကိုတစ်ယောက်လဲ မြင်ရနိုင်တာ မဟုတ်တဲ့အတွက် အဲဒီအထဲမှာ ကြိုက်တဲ့စကားလုံးကို ကြိုက်သလို ရေးနိုင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စကားအတွက်လည်း ကိုယ်က တာဝန်ယူစရာ မလိုပါဘူး…။ mIRC အသုံးများတဲ့ Chatter တွေဟာ အပြင်လောကမှာလည်း စကားကို လက်လွတ်စပယ် ပြောတတ်လာပါတယ်။ လိမ်ရမှာ၊ ညာရမှာကို ရှက်တဲ့ ကြောက်တဲ့ စိတ်တွေလည်း ခေါင်းပါးလာပါတယ်…။ အစစအရာရာကို ပေါ့ပေါ့တွေးပြီး ကိုယ့်စကား၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်သိမှုတွေ မရှိသလောက်ကို ဖြစ်လာတတ်ပါတယ်…။ ဒါဟာ chatting ပတ်ဝန်းကျင်ထဲမှာ အနေများတဲ့အတွက် အဲဒီအထဲကနေ ကိုယ့်ရဲ့စိတ်ထဲကို ကူးစက်လာတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။
Blogger (ဘလော့ဂါ)တွေကတော့ Blog (ဘလော့ဂ်) ရေးကြပါတယ်။ www.blogger.com မှာ gmail account ကို သုံးပြီး Blog (ဘလော့ဂ်) တစ်ခုကို တည်ဆောက်ရယူနိုင်ပါတယ်။ Blog တစ်ခု ဖန်တီးတည်ဆောက်ဖို့ဆိုတာ chat room တွေထဲမှာလို account တစ်ခုလုပ်ပြီး ၀င် chat ရတာလောက် မလွယ်ကူဘူးဆိုတာ သေချာပါတယ်။ ဘလော့ဂ်ဆိုတာ တွေ့ကရာလူတွေနဲ့ ထွေရာလေးပါး ပြောနိုင်တဲ့ နေရာတစ်ခု မဟုတ်ပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ ချက်တာတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ထဲကလို ဘယ်ကမှန်းမသိတဲ့သူတွေ မရှိပါဘူး။ အ,လာပ သ,လာပ အရည်မရ အဖတ်မရ စကားလုံးတွေ မရှိပါဘူး…။ ဘလော့ဂါတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ သူခင်တဲ့သူငယ်ချင်းတွေ၊ သူရေးထားတဲ့စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့ သူ့ရဲ့စာပေမိတ်ဆွေတွေ၊ သူတင်ထားတဲ့ ဓါတ်ပုံလေးတွေ၊ သူ့ရဲ့ဘ၀အတွေ့အကြုံလေးတွေကို မျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။ ဘလော့ဂါအများစုရဲ့ ဘလော့ဂ်မှာ သူတို့ရဲ့ အထ္တုပ္ပတ္တိအကျဉ်းကို ဖော်ပြထားကြပါတယ်။ သူ့ရဲ့နာမည်အရင်း၊ သူ့ရဲ့ဓါတ်ပုံ စတာတွေကို အမှန်အတိုင်းကို ဖော်ပြထားကြတာကို တွေ့ရပါမယ်။ အဲဒီလိုတင်ထားကြတာဟာ သူတို့ ဒီစာမျက်နှာတွေပေါ်မှာ တင်လိုက်တဲ့ စာ၊ ဓါတ်ပုံ၊ ပန်းချီ စတာတွေအတွက် သူတို့ အပြည့်အ၀ တာဝန်ယူရဲတယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့် ဖြစ်ပါတယ်…။ ဒါကြောင့် ဘလော့ဂ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ လိမ်တာ၊ ညာတာတွေ သိပ်မပါပါဘူး။ ရိုင်းစိုင်းကြမ်းတမ်းတာတွေ သိပ်မပါပါဘူး။ ဘလော့ဂါတွေအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့စာတွေအတွက် ကိုယ့်မှာ တာဝန်အပြည့်ရှိတယ်ဆိုတဲ့ အသိစိတ်ကြောင့် လက်လွတ်စပယ် မလုပ်တတ်ကြတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာမဆို အကောင်းအဆိုးဒွန်တွဲနေတဲ့သဘောအရ ကိုယ့်ပရိုဖိုင်လဲမဖော်ပြရဲ၊ ကိုယ်ရေးတဲ့ စာတွေအတွက်လဲ ဘာဆိုဘာမှတာဝန်မယူရဲ၊ အလိမ်အညာတွေ ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားလုံးတွေကိုလဲ သုံးစွဲဖို့ဝန်မလေးတတ်ကြတဲ့ ဘလော့ဂါအချို့ရှိပေမယ့် အရေအတွက်အားဖြင့် သိပ်မများ တာကိုတွေ့ရပါတယ်။ နောက်ပြီး ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်တဲ့အခါ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လိုက်ပြီး ပုံစံလေးတွေ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ရသစာပေကို စိတ်ဝင်စားတဲ့သူကလည်း သူဖတ်ဖူးခဲ့တာလေးတွေကို မျှဝေသလို သူရေးထားတာလေးတွေကိုလည်း တင်တတ်ပါတယ်။ သုတလိုင်းဘက်ကို စိတ်ဝင်စားတဲ့သူကလည်း သတင်းသဘောမျိုးလေးတွေကို အမြဲတမ်း တင်ပေးနေတတ်ပါတယ်။ တချို့ ဓါတ်ပုံဝါသနာပါသူတွေကလည်း ဓါတ်ပုံလေးတွေ တင်ကြပါတယ်။ ဘလော့ဂါတစ်ယောက် ဖြစ်လာတဲ့သူရဲ့ ရည်ရွယ်ချက်ဟာ ချက်တာတစ်ယောက်ရဲ့ mIRC ထဲမှာ ကျူမယ်၊ အဆင်ပြေရင် gmail တောင်းပြီး Gtalk ကနေ စကားပြောမယ်… ပြီးရင် Vzochat လေးသုံးပြီး webcam လေးနဲ့ မျက်နှာလေးပါ ကြည့်လိုက်မယ်… အဆင်ပြေရင် အပြင်မှာ ချိန်းတွေ့ကြမယ်…ဆိုတဲ့ ရည်ရွယ်ချက်ထက် နည်းနည်းလောက်တော့ မြင့်သွားတယ်ဆိုတာ သိပ်ကို သေချာပါတယ်။

နောက်တစ်ခုက အားစိုက်ထုတ်ရမှုအပိုင်းပါ…။ ချက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်ကိုလွယ်လွန်းပါတယ်…။ ဘလော့ဂါတစ်ယောက် ဖြစ်လာဖို့ကတော့ စစခြင်းမှာ လုံလောက်တဲ့ အားတစ်ခုစိုက်ထုတ်ရသလို နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ်တဲ့ အားစိုက်ထုတ်မှုတစ်ခုကို ဆက်လုပ်ပေးနေဖို့ လိုပါတယ်။ လုပ်ချင်စိတ်တစ်ခုနဲ့ အားတစ်ခုစိုက်ထုတ်ရုံပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး…။ ချက်တာတစ်ယောက်ရဲ့ အဆင့်ထက် အများကြီးပိုမြင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ လိုပါသေးတယ်။ အနိမ့်ဆုံးဥပမာတစ်ခု ပေးရမယ်ဆိုရင်… chat room တွေထဲမှာ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးတွေသုံးပြီး Burglish လို ရိုက်လို့ရပေမယ့် ဘလော့ဂ်တွေထဲမှာတော့ Burglish နဲ့ ရေးထားတဲ့ဘလော့ဂ် လုံးဝမရှိပါဘူး…။ ရှိရင်လည်း ဘယ်သူမှ ၀င်ဖတ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ သူ့ဘလော့ဂ်ကို အင်္ဂလိပ်လိုဖြစ်စေ၊ Zawgyi One ဆိုတဲ့ Font ကိုသုံးပြီး မြန်မာလိုဖြစ်စေ ရိုက်ပြီး တင်ကြရပါတယ်။ အင်္ဂလိပ်လိုပဲတင်တင်၊ မြန်မာလိုပဲတင်တင် လုံလောက်တဲ့ ကျွမ်းကျင်မှုတစ်ခုကိုတော့ မဖြစ်မနေရအောင် ယူကြရတာပါပဲ…။

နောက်တစ်ခုက chatter တစ်ယောက် chat room အပေါ် စွဲလမ်းမှုနဲ့ blogger တစ်ယောက် သူ့ရဲ့ဘလော့ဂ်ကို စွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ချက်တာတစ်ယောက် ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာ ဦးတည်ရာမရှိတဲ့ ပါးစပ်ဖျားက စကားလုံးတွေပေါ်မှာ သာယာတဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဘလော့ဂါတွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ ချစ်စဖွယ် သံယောဇဉ်တွေပေါ်မှာ အခြေခံပါတယ်။ ဘလော့ဂ်တွေမှာ ဘလော့ဂါနဲ့ လာရောက်ဖတ်ရှုကြသူတွေ အပြန်အလှန် စကားပြောလို့ရတဲ့ နေရာလေးတစ်ခုကို ဖန်တီးထားလို့ ရပါတယ်။ အဲဒါလေးကို Cbox လို့ခေါ်ပြီး မြန်မာဘလော့ဂါတွေကတော့ ဆီပုံးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ နောက်ပြီး ကိုယ်တင်လိုက်တဲ့ ပို့စ်(post)တိုင်းရဲ့အောက်မှာလည်း စာဖတ်သူတွေအနေနဲ့ comment (ထင်မြင်ချက်)တွေ ၀င်ရေးပေးခဲ့လို့ ရပါတယ်။ အဲဒီအချက်လေးတွေကြောင့် ဘလော့ဂါတစ်ယောက်နဲ့ သူ့ရဲ့ဘလော့ဂ်ကို လာလည်ကြတဲ့သူတွေရဲ့ အကြားမှာ အပြန်အလှန် ဆက်နွယ်မှုလေးတစ်ခု စီးဆင်းနေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဘလော့ဂါတစ်ယောက်ဟာ ဒီနေ့ သူ့ရဲ့ဘလော့ဂ်ကို ဘယ်သူများ လာလည်သွားသလဲ၊ ဘယ်သူတွေကများ ဘာတွေများ ၀င်ရေးသွားသေးသလဲ စတာတွေကို ၀င်ကြည့်… ကိုယ့်ကို နှုတ်ဆက်သွားသူတွေကိုလည်း ပြန်နှုတ်ဆက်… စတဲ့ အလုပ်တွေအတွက်နဲ့ ကိုယ့်ရဲ့ဘလော့ဂ်ကို စွဲလမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့် ချက်တာတွေ ချက်ရွမ်းကိုစွဲလမ်းပြီး တစ်နေကုန်တစ်နေခမ်း အရေမရအဖတ်မရတွေနဲ့ စခန်းသွားနေချိန်မှာ ဘလော့ဂါတစ်ယောက်က ကိုယ့်ဘလော့ဂ်လေးကိုပြင်ဆင်မွမ်းမံ၊ ရေးချင်တာလေးတွေအသစ်ထပ်ရေး၊ ကိုယ့်ဆီ လာလည်ကြတဲ့သူငယ်ချင်းတွေကို ပြန်လည်နှုတ်ဆက်၊ အခြားကိုယ့်သူငယ်ချင်းတွေရဲ့ဘလော့ဂ်ကိုလိုက်လည်နဲ့ ကိုယ့်အတွက်လဲ အကျိုးမယုတ် သူများအတွက်လဲ အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်နေတာ သေချာယှဉ်ကြည့်တဲ့အခါ တော်တော်လေးကိုကွာနေတာ တွေ့ရပါတယ်။

ချက်တာ (Chatter) တစ်ယောက်နဲ့ ဘလော့ဂါ(Blogger)တစ်ယောက် အဲဒီ့လို အဲဒီ့လို သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကွာခြားချက်တွေရှိနေတာမှန်ပေမယ့် … တကယ်တမ်း အင်တာနက်ကို ထဲထဲဝင်ဝင်သုံးစွဲနေကြတဲ့ လူငယ်တွေများစွာထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ ချက်တာ(Chatter) တွေပဲဖြစ်နေတာကို ၀မ်းနည်းစွာပဲတွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတစ်ကာက မြန်မာဘလော့ဂါတွေရဲ့အရေအတွက်ဟာ ၅၀၀ ကျော်လောက်ရှိလာပြီလို့ ခန့်မှန်းရတဲ့အတွက် တကယ်တမ်းလူဦးရေနဲ့ ယှဉ်ကြည့်တဲ့အခါ အင်မတန်မှကိုနဲနေသေးတာကို တွေ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖြစ်စေချင်နေတဲ့ ဆန္ဒကတော့ Chatting လောကကြီးထဲကို အင်တိုက်အားတိုက်နဲ့ပျော်ဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘ၀ကိုကူးပြောင်းစေချင်တာပဲဖြစ်ပါတယ်။ ဘလော့ဂ်ရေးတဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ဘ၀ကို မရောက်သေးရင်တောင် ဘလော့ဂ်တွေလိုက်ဖတ်တဲ့ Blog Reader ဘ၀က ချက်တာတစ်ယောက်ရဲ့ ဘ၀ထက် ပိုမိုပြီး အကျိုးများနိုင်မယ်ထင်ပါတယ်။ မြန်မာဘလော့ဂ်တွေကို www.google.com က Goggle Search Engine မှာ Zawgyi-One Font နဲ့ရိုက်ထည့်ပြီးရှာကြည့်လို့ရပါတယ်။ နောက်ပြီး မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို တတ်နိုင်သလောက်စုစည်းထားတဲ့ ဆိုဒ်လေးတွေကို ညွှန်းရမယ်ဆိုရင်တော့ www.mmblogdirectory.blogspot.com, www.myanmarblogsdirectory.blogspot.com, www.myanmarblogdirectory.blogspot.com , www.myanmar-music.com/myanmarmusic/blogs.aspx , စတဲ့ နေရာလေး တွေပဲဖြစ်ပါတယ်။ ဘလော့ဂါတွေဟာ သူတို့ရဲ့ဘလော့ဂ်တွေမှာ အခြားသော ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေနဲ့ လင့်ခ်ချိတ်ထားတဲ့အတွက် အဲဒီ့ လင့်ခ်တွေကနေတဆင့်လဲ သွားရောက်ဖတ်ရှုနိုင်ပါသေးတယ် …။ လူငယ်တွေအားလုံး ချက်တာ ဘ၀ကနေ ဘလော့ဂါဘ၀ကို ကူးပြောင်းနိုင်ကြပါစေဗျာ …။

ကိုနေဘုန်းလတ် (http://nayphonelatt.blogspot.com) Blog မှကူးယူထားပါသည်။

ငါဘာကောင်လဲ ?

Posted in General  on November 8th, 2008 by: admin

လက်တစ်လော တွေးမိတာလေးတွေ….ဆိုတဲ့  ပို့စ်နဲ့ ပတ်သတ်ပြီး ၀ိုင်းပြီးဝေဖန်ကြပါတယ်။  သူငယ်ချင်းတစ်ယောက်က စောက်ရှုးတဲ့။  နောက်တစ်ယောက်ကတော့ ” ရိုင်းတယ်ထင်ရင် ခွင့် လွှတ်.. ကိုယ့် ကို.. ကိုဘာကောင်လဲဆိုတာ အရင်သုံးသပ်ပြီးမှရေး..” ဆိုပြီး comment ပေးသွားတယ်။ အင်း ကျွန်တော် ဘာကောင်လည်းဆိုတော့ ဘာကောင်မှမဟုတ်တာတော့သေချာပါတယ်။  ဒီပို့စ်ကို စောက်ရှုးထပြီးရေး ခဲ့တာလည်းမဟုတ်သလို၊ ငါဘာကောင်ကွ ဘယ်လိုကောင်ကွ ဆိုပြီး လူစွမ်းကောင်းလုပ် ပြီးရေးခဲ့တဲ့ပို့စ် လည်းမဟုတ်ပါဘူး။  လက်တလော စဉ်းစားမိတဲ့အကြောင်းကို သူငယ်ချင်းတစ်ယောက်နဲ့စကားပြောရင်း စိတ်ကူးပေါ်လာတာ ကိုချရေးလိုက်တာပါ။  သေချာတာကတော့ ကျွန်တော် ဘာကောင်မှမဟုတ်သလို ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘလော့မှာလဲ Freedom of expression ဆိုတဲ့အတိုင်း လွတ်လပ်စွာ ရေးသားခဲ့တဲ့ ပို့စ် တစ်ပုဒ်ပဲဖြစ်ပါတယ်။